သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

သထုံ မေ ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူ ရွှေထုံခင်သီတာလှိုင်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဉ် စာဖတ်ဝိုင်းများပြုလုပ်နေမှုအခြေအနေတို့ကို ဆွေးနွေးအမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်နုက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စာရေးဆရာများအသင်း အတွင်းရေးမှူးဦးဝင်းတင်နှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က စာရေးဆရာအောင်သင်း ရေးသားသည့် "အတွေ့အကြုံနှင့် အတွေးအကြံ" စာအုပ်ကို အခန်းအလိုက်ဖတ်ရှုပြီး မှတ်သားဖွယ်ရာများ၊ ၎င်းတို့ နှစ်သက်ရာများကို အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြ‌သည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ သထုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာများအသင်းမှ စာပေပညာရှင်များ၊ ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)