ပုသိမ် မေ ၂၇
လူမှုဝန်ထမ်းဦးစီးဌာန၊ ပုသိမ်မြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် အမျိုးသမီးများ အိမ်တွင်းမှုပညာရပ်များ တတ်မြောက်ပြီး ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားစုများတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် အိမ်တွင်းမှု ပညာရပ်များကို သင်ကြားပေးလျက်ရှိရာ သင်တန်းအပတ်စဉ် (၁/၂၀၂၂-၂၀၂၃)တွင် သင်တန်းသား/သူ (၉၉ ) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သင်တန်းကျောင်း ဆရာမကြီး ဒေါ်တင်လဲ့လဲ့ထွန်းမှ အနီးကပ်ကြီးကြပ်၍ သင်တန်းဆရာမ (၆)ဦးတို့မှ သင်ကြားပြသပေးလျက်ရှိပြီး မိန်းမဝတ် (အခြေခံ/ အဆင့်မြင့်)သင်တန်း၊ စင်တီမီတာ(အခြေခံ/အဆင့်မြင့်) သင်တန်း၊ ကျားရှပ် (အခြေခံ/အဆင့်မြင့်)သင်တန်း၊ မော်တာစက်နင်းသင်တန်း စသော သင်တန်းအမျိုးအစား ၁၁ မျိုးကို သင်ကြားပြသပေးလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ယခုဖွင့်လှစ်ထားသည့် သင်တန်းကို ၂-၅-၂၀၂၂ မှ ၁၀-၆-၂၀၂၂ အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတွင် ထူးချွန်သည့် သင်တန်းသား/သူတစ်ဦးကို အပ်ချုပ်စက်တစ်လုံး ဆုချီးမြှင့်ပေးမည်ဖြစ်ကာ ထူးချွန်သင်တန်းသား/သူများကိုလည်း ဂုဏ်ပြုဆုများ ချီးမြှင့်ပေးမည်ဖြစ်သည်။ ရပ်ရွာအခြေပြု သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ ရပ်ရွာအသီးသီးမှ သင်တန်းတက်ရောက် လိုသူများလည်း ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
မြင့်ဟန်