ရေနံချောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရေနံချောင်း မေ ၂၇

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဉီးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၇ ရက် (ယနေ့)နံနက် ၉ နာရီက အ.ထ.က(၁)ကျောင်း နဝဒေးခန်းမ၌ ကျင်းပရာ “ကျောင်းရိပ်ဌာနီ တက်လှမ်းချီ” သီချင်းဖြင့် ဆရာမများက သီဆိုဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းဌေးက ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က နိုင်ငံတော်တည်ဆောက်ရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ရေးအတွက် ပညာရေးသည် အဓိကအခန်းကဏ္ဍက ပါဝင်နေကြောင်းနှင့် မြို့နယ်ပညာရေးမှူး ဦးအေးဝင်းက ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေးနှင့် ပညာသင်ယူခွင့်ရရှိရေးကိုလည်းကောင်း အသီးသီးအမှာစကားပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်မှ ကျောင်းသားကျောင်းသူများအား အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းဌေးနှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများထံပေးအပ်ပြီး ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ရေနံချောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ လျာထားခန့်မှန်းဦးရေ ၁၅၆၅၇ ဦးရှိပြီး ကျောင်းအပ်စတင်လက်ခံသည့် မေ ၂၆ ရက်နေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတွင် လာရောက်အပ်နှံသူ ၈၂၃၆ ဦးရှိပြီး ၅၂ ဒသမ ၆ ရာခိုင်နှုန်း လာရောက်အပ်နှံပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)