ကန့်ဘလူ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၏ ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၅၁၁၅ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန်လျာထားပြီး တစ်ဧက ၈၅ တင်းနှင့်အထက်ထွက်ရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စပါးထုတ်လုပ်မှု တိုးတက်လာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ ရာသီဥတုရေမြေဒေသနှင့် ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယမန်နှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ၁၄၉၀၁၅ ဧက လျာထားစိုက်ပျိုးသည့်အနက် ရာသီဥတု ကောင်းမွန်ခဲ့သဖြင့် ၁၅၂၇၀၈ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်းအနေဖြင့် ၇၀ ဒသမ ၆၉ တင်းထွက်ရှိခဲ့ကြောင်း၊ မိုးစပါးတွင် ဆည်ရေပေးဝေနိုင်သည့် ၄၀၄၃၅ ဧကရှိပြီး မိုးကောင်း သောက် ၁၀၈၄၀၆ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူးဦးစံအောင်ထံမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် တစ်ဧက အထွက်နှုန်းတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်သုံးစွဲရေး၊ လေ့ကျင့်ပညာပေးရေးနှင့် သုတေသနဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အဓိကထား၍ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။
ထို့အပြင် မြို့နယ်အတွင်း၌ စပါးစိုက်ဧကတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ဆည်ရေကိုအကျိုးရှိ စွာ အသုံးချဆောင်ရွက်ခြင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးကောင်း မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးစေခြင်း၊ သွင်းအားစုများ စနစ်တကျထည့်သွင်းကာ လေလွင့် ဆုံးရှုံးမှုများ လျော့နည်းစေရန် စီမံဆောင်ရွက်ခြင်း၊ ခေတ်မီလယ်ယာသုံး စက်ကိရိယာများကို တိုးတက်သုံးစွဲလာနိုင်စေရန် ပေါင်းစပ်ကူညီပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ တောင်သူများအား စိုက်ပျိုးရေးနည်းစနစ်များ၊ မြေဆီလွှာထိန်းသိမ်းနည်းပညာများ ဟောပြောခြင်း၊ ပိုးမွှားရောဂါကျရောက်ပျက်စီးမှုမရှိစေရန် အပင်ဖြစ်တွန်းချိန်အလိုက် ကာကွယ် နှိမ်နှင်းခြင်းဆိုင်ရာ နည်းပညာများဟောပြောခြင်း စသည့်စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲများကိုလည်း ကိုဗစ်- ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကာ သီးနှံမျိုးထုတ်ကွက်များကို တောင်သူတစ်ဦးချင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးသည့်ပုံစံမှ အစုအဖွဲ့ပုံစံဖွဲ့စည်းပေးနိုင်ရေး၊ သမအသင်းစုအဖွဲ့ပုံစံဖြင့် ဖွဲ့စည်းပေးပြီး လိုအပ်သည့် နည်းလမ်းများ ပံ့ပိုးပေးခြင်းတို့ဖြင့်လည်း တောင်သူများဝင်ငွေတိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်သွယ် ဆောင်ရွက်နိုင်ရန် ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာ (KC) များဖြစ်သည့် ကန့်ဘလူမြို့မ၊ ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း၊ သရက်ခေါင်း၊ ကိုးထောင်ဘို့၊ ချပ်သင်း၊ တည်ပင်(ပင့်သာ)နှင့် မလယ်စင်တာများ၌ စိုက်ပျိုးရေးပညာရှင်များ (ကွင်းတာဝန်ခံများ) က ဝန်ဆောင်မှုပေးလျက်ရှိပြီး နည်းပညာများရယူ ဆောင်ရွက်နိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးစံအောင်က ပြောကြားခဲ့သည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)