မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး

အထက်မင်းလှ မေ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းကို မေ(၂၆)ရက်နေ့နံနက်ပိုင်းမှစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင်  အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင်(KG)တန်းမှ (Grade-11)အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်‌ပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှု အခြေအနေများကို သက်ဆိုင်ရာကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ တာဝန်ခံဆရာ/ဆရာမများက ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

မင်းလှမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရန် စာရင်းရှိ ကျောင်းသား/ကျောင်းသူဦးရေ(၁၈,၇၆၇)ဦးရှိရာ မေ(၂၇)ရက်နေ့အထိ လာရောက်အပ်နှံသည့် ကျောင်းသား/ကျောင်းသူ(၉,၅၂၃)ဦး၊ ရာခိုင်နှုန်း(၅၀.၇၄)% ရှိသည်။ အဆိုပါကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များကို နိုင်ငံတော်မှထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်းအပ်နှံခြင်းလက်ခံဆောင်ရွက် ရာတွင် အခကြေးငွေတစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်း၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အဖြစ် မေ(၂၆)ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဇွန်(၂)ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)