ဘိုကလေး မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မေလ (၂၆)ရက်နေ့မှစတင်၍ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး အပါအဝင် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ယခင်စာသင်နှစ်၌ ဘိုကလေးမြို့နယ်တွင် ကျောင်းတက်သည့် ကျောင်းသား/သူ ရာခိုင်နှုန်း (၆၂)ရာခိုင်နှုန်းသာ ရှိကြောင်း၊ ကျောင်းသား/သူများအနေဖြင့် မည်သည့်အကြောင်းနှင့်မျှ ကျောင်းနှင့်ဝေးကွာရန် မသင့်ကြောင်း၊ ယခုစာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရာတွင် ယခင်စာသင်နှစ်၌ ကျောင်းမဝင်ခဲ့သူများ လာရောက်ကျောင်းအပ်နှံသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ပညာသင်ကြားနေချိန် ရောဂါဘယများ ကင်းရှင်းစေရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးအား အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခရိုင်ပညာရေးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်မှ ပညာရေး၏ အသီးအပွင့်သည် ကျောင်းသား/သူ တစ်ဦးတည်းသာခံစားရခြင်း မဟုတ်ဘဲ ၎င်းတို့၏ မိဘ၊ ဆရာ၊ မြို့၊ ရွာနှင့် နိုင်ငံတော်အတွက်ပါ အကျိုးပြုကြောင်း၊ မြို့နယ်ပညာရေးမှူး ဦးကျင်ရွှေမှ ယခုစာသင်နှစ်တွင် ကျောင်းတက်ရောက်ရမည့် ကျောင်းသား/သူ ဦးရေ ခန့်မှန်းလျာထားချက်မှာ (၄၆၅၂၄)ဦးရှိကြောင်း၊ အဆိုပါ ဦးရေအတိုင်း ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ဘိုကလေးမြို့နယ်အနေဖြင့် ကျောင်းအပ်နှံရေး ပထမဆုံးနေ့ မေလ(၂၆)ရက်နေ့တွင် ကျောင်းအပ်နှံသူ (၁၀၄၄၁)ဦးရှိကြောင်း အသီးသီးပြောကြားပြီး ကျောင်းသား/သူများအား အခမ်းအနားတက်ရောက်လာသည့် တာဝန်ရှိသူများမှ ကျောင်းသုံးစာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)