ချောင်းဦးမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံ

ချောင်းဦး   မေ    ၂၇

ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာ‌ရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများအားလုံး ယမန်နေ့ မေလ (၂၆)ရက်နေ့မှ စတင်၍ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ အခြေခံကျောင်းများအနေဖြင့်လည်း ယမန်နေ့နံနက်မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိပြီး ချောင်းဦး အ..က ကျောင်းသားများအတွက် အနော်ရထာခန်းမတွင် ကျောင်းအပ် လက်ခံလျက်ရှိကြောင်း၊ ကျောင်းလာအပ်သူ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ အခမဲ့ ထုတ်ဝေပေးခဲ့သည်။

ကျောင်းအပ်လက်ခံမှု လုပ်ငန်းများဆောင်ရွက်ရာတွင် ဆရာ/မများနှင့် ပညာ‌ရေးဝန်ထမ်းများအနေဖြင့် မည်သည့် အခကြေးငွေမှ ကောက်ခံခြင်းမရှိကြောင်း၊  လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်မခံကြောင်းနှင့် အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုကြောင်း သိရသည်။

ချောင်းဦးမြို့နယ်တွင် ထက်၊ လယ်၊ မူ အခြေခံကျောင်း(၁၀)ကျောင်း ဖွင့်လှစ်အပ်နှံလက်ခံလျက်ရှိပြီး မေလ ၂၆ ရက်နေ့တွင် ကျောင်းသား ၁၃၄ ဦး၊ မေလ ၂၇ ရက်နေ့တွင် ၁၁၉ ဦး လာရောက်အပ်နှံခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)