ပွင့်ဖြူ မေ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအလိုက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၆ ရက်နေ့ကစပြီး ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ(အ.ထ.က)ကျောင်း၊ စိန်ပန်းရပ်ရှိ(အ.မ.က)ကျောင်း၊ ရွာခိုင်ကျေးရွာ (အ.ထ.က-ခွဲ)ကျောင်းနှင့် ရှောက်တောကျေးရွာ (အ.ထ.က) ကျောင်းသို့ သွားရောက်ပြီး ကျောင်းသား/သူများ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုများကို ကွင်းဆင်းကြည့်ရှုအားပေးပြီး ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အခြေခံပညာကျောင်းများအလိုက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆရာ၊ ဆရာမများမှ ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသားကျောင်းသူများကို ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ် ခဲ့သည်။
ထို့နောက် အခြေခံပညာကျောင်းများမှ တာဝန်ခံကျောင်းအုပ် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ သောက်သုံးရေ လုံလောက်မှု ရှိ/မရှိ၊ စာရေးခုံများ လုံလောက်မှု ရှိ/မရှိ လိုက်လံကြည့်ရှု စစ်ဆေးပြီး ကျောင်းဖွင့်ချိန်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားကာ ကျောင်းဝန်းကျင်လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )