ပြည်ခရိုင်တွင်  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပေးဆွေးနွေးပွဲကျင်းပ

ပြည် မေ ၂၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့် မြို့နယ်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌  “သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပေးဆွေးနွေးပွဲ” ကျင်းပခဲ့သည်။

အသိပေးဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာညိမ်းညိမ်းအေးနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဇေဖြိုးသန့်တို့က ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ရှိ ခရိုင်နှင့်မြို့နယ်များအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု အခြေအနေများအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါနှင့်‌ ရောဂါပိုးသယ်ဆောင်သော ခြင်ကျား(၂)မျိုးအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါပိုးကြောင့် သွေးလန့်သည့် လက္ခဏာများအပါအဝင် သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏာများအကြောင်း၊  ခြင်ပေါက်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် ခြင်ကျားလောက်လန်းများ ပေါက်ပွားတတ်သည့် ရေအိုး၊ ရေကန်အပါအဝင် အဓိက ရေသိုလှောင်သည့် လူ့အသုံးအဆောင်ပစ္စည်းများ၊ ဘုရားပန်းအိုး၊ ဘူးခွံ၊ခွက်ခွံ၊ တာယာအဟောင်းများနှင့် သဘာဝအလျောက် မိုးရေတင်ကျန်လေ့ရှိသော နေရာများများအား (ဖုံး၊ သွန်၊ လဲ၊ စစ်) ပြုလုပ်ရမည့်အကြောင်းနှင့် အဘိတ်ဆေး ခတ်နည်းအကြောင်း၊  စာသင်ကျောင်းများတွင် ( ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းကို ကျောင်းသား၊ကျောင်းသူများ ဆောင်ရွက်တတ်စေရန် လေ့ကျင့်သင်ကြားပေး‌ရမည့်အကြောင်းများနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများအပါအဝင်၊ လူမှုအဖွဲ့အစည်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်‌ပေးရေးတို့ကို အသီးသီးရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များနှင့် အကြုံပြု ဆွေးနွေးလိုသည့် အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး ယင်း‌အသိပေး ဆွေးနွေးပွဲသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ပြည်မြို့ ခုတင်(၅၀၀)ဆေးရုံအုပ်ကြီးနှင့် ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများမှ တာဝန်ခံ ကိုယ်စားလှယ်များ၊ ကြက်ခြေနီနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပြည်ခရိုင်အတွင်း မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြောင်းသိရသည်။

ကိုဆက်