မွန်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မော်လမြိုင် မေ ၂၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို ပြည်နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က မော်လမြိင်မြို့ ငန်းတေး‌ဂေါက်ကွင်း၌ ကျင်းပခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်လင်းထွန်းက နှစ်စဉ်နှစ်တိုင်း ကျရောက်တဲ့ ယခုလိုမိုးရာသီကာလမှာ သစ်ပင်အမျိုးမျိုးကို ဒေသစိမ်းလန်းစိုပြေရေး၊ သစ်တော ပြုန်းတီးမှုများကို ပြန်လည်အစားထိုးနိုင်ရေး၊ ဥတုသဟဇာတမျှတရေး၊ သစ်တောစိုက်ခင်းများ ထူထောင်ရေး၊ သဘာ၀ပတ်၀န်းကျင်နှင့် ဂေဟစနစ်ပြောင်းလဲမှုများကို ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ချက်ကောင်းများနဲ့ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း မိမိတို့နိုင်ငံဟာ သစ်တောသယံဇာတ ကြွယ်၀တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း လက်ရှိ အခြေအနေမှာ သစ်တောများ ပြန်လည်တည်ဆောက်ရေးကို အလေးထားဆောင်ရွက်နေကြပြီး ဖြစ်ပါတယ် သစ်ပင်များစိုက်ပျိုး ဖြစ်ထွန်းလာလျှင် လူအများအပါအ၀င် အခြားသတ္တဝါများသာမကအခြား သဘာ၀ပတ်၀န်းကျင်ကိုပါ အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်။ လူနှင့်သတ္တဝါအတွက် အစားအစာ၊ ဆေးဝါး၊ အသုံးအဆောင်၊ နေအိမ်၊ ပရိဘောဂ၊ လယ်ယာသုံးပစ္စည်းများအဖြစ်ပါ သုံးဆောင်လာကြတာ တွေ့ရမှာဖြစ်ပါတယ်၊ သစ်တော၊ သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် လူနှင့်သတ္တဝါများအတွက် အောက်ဆီဂျင် ရရှိနိုင်ခြင်း ရာသီဥတု ညီညွတ်စေခြင်း၊ ရေအရင်းအမြစ်များ၊ မြေဆီလွှာများ၊ ဇီ၀မျိုးကွဲများ ပိုမိုကြွယ်၀စေခြင်း၊ ရေ‌အောက်ရေထိန်းသိမ်းနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှု သဘာ၀ဘေးအန္တရာယ်များကို ထိန်းသိမ်းခြင်း စတဲ့အကျိုးကျေးဇူး ရရှိစေတာကြောင့် သစ်တောများကို တိုးချဲ့စိုက်ပျိုးရန်လိုအပ်ပါကြောင်း ပြည်နယ်အတွင်း လူထုဖြန့်ပျိုးပင် လျာထားချက်အပင်ရေ (၃)သိန်းကို မြို့နယ်များအလိုက် စိုက်ပျိုးနိုင်ရေး အခမဲ့ဖြန့်ဝေ ပေးသွားမှာ ဖြစ်ပါတယ် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်း ကာကွယ်ရာမှာ တစ်ဦးချင်းအနေနဲ့ လိုက်နာဆောင်ရွက်နိုင်မဲ့ နည်းလမ်းများစွာရှိပြီး သစ်တောနယ်မြေအတွင်း ကျူးကျော်နေထိုင်မှုမရှိစေရေး သစ်တောနယ်မြေများလျော့ပါးမှုမရှိစေရေး နှင့်တရားမ၀င်သစ်ထုတ်လုပ်မှု ပပျောက်ရေးအတွက် အခြားဌာနများနဲ့ ပေါင်းစပ်ဆောင်ရွက်ဖို့ မှာကြားလိုကြောင်း စိုက်ပျိုးထားတဲ့ သစ်ပင်များကို တစ်ပင်စိုက် တစ်ပင်ရှင်ဖို့အတွက် ဆောင်ရွက်သွားကြဖို့နဲ့ မိမိရုံးတွင်း၊ အိမ်တွင်း၊ ပတ်၀န်းကျင်များမှာလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြခြင်းဖြင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရာမှာ ပါ၀င်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

ထိုနောက် ပြည်နယ်၀န်ကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ကျွန်း၊ မဟော်ဂနီ၊ သင်္ကန်း၊ မန်ဂျန်ရှား၊ ပျဉ်းကတိုး၊ ငုရွှေဝါ၊ ယင်းမာ၊ ကညင်၊ မယ်ဇင် စသည့်အပင်ပေါင်း ၁၅၀၀ ပင်ကို စိုက်ပျိုးပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်