ကျိုက်ထို မေ ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှ(၂၀၂၂)ခုနစ် မိုးရာသီအတွက် လူထုဖြန့်ချီ စိုက်ပျိုးမည့် ပျိုးပင်များစိုက်ပျိုးထားလျှက်ရှိကြောင်းသိရသည်။
သစ်တောဦးစီးဌာနမှ နှစ်စဉ်မိုးရာသီအတွက် ပျိုးပင်များလျာထားစိုက်ပျိုးလျက် ရှိရာယခုနှစ် မိုးရာသီတွင်လည်း စိုက်ပျိုးရန်ပျိုးပင်စုစုပေါင်း (၄၀၀၀၀) လျာထားလျက်ရှိသည်။
ကျိုက်ထိုမြို့နယ်အတွင်း စိမ်းလန်းစိုပြေသာယာစေခြင်းအားဖြင့် ကောင်းမွန်သော ပတ်ဝန်းကျင်၊ ယိုယွင်းပျက်စီးမှုကာကွယ်ခြင်းကို အထောက်အကူဖြစ်စေရန်၊ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ သိရှိစေရန်၊ ဒေသခံပြည်သူများ၏ စားဝတ်နေရေး ပြေလည်စေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ဒေသ၏ လိုအပ်ချက်ဖြစ်သည့် သစ်၊ တိုင်၊ မျော၊ ထင်းနှင့်သစ်တောထွက်ပစ္စည်းများရရှိစေရန်နှင့် သဘာဝတောများ၏ အရည်အသွေး မြင့်တက်လာပြီး အဆင့်အတန်းမြင့်မားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပျိုးထောင်စိုက်ပျိုးရကြောင်းမြို့နယ်သစ်တော ဦးစီးအရာရှိဦးစိုးဝင်းမှပြောကြားခဲ့ သည်။
၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးနိုင်စေရေးအတွက် ဌာနဆိုင်ရာများတပ် ရင်း/တပ်ဖွဲ့များနှင့် ရပ်ကွက် ကျေးရွာအုပ်စုအလိုက်ဖြန့်ဝေပြီး မိုးရာသီအကြိုသစ်ပင် စိုက်ပွဲတော်အား ကျင်းပပြုလုပ်၍ ဒီရေတောနှင့် အရိပ်ရစိုက်ပျိုးပွဲကိုလည်း လမ်းဘေး ဝဲ၊ ယာ တလျှောက် စိုက်ပျိုးကာကျေးရွာ ထင်းစိုက်ခင်း အတွက်လည်း ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးမည့် ပျိုးပင်များမှာကျွန်း၊ ပျဉ်းကတိုး၊ ကံ့ကော်၊ ခရေ၊ မန်ဂျန်ရှားပျဉ်းမ၊ ဖန်ခါး၊ စိန်ပန်း၊ ကညင်ဖြူ၊ ကုက္ကို၊ မယ်ဇလီ၊ တရုတ်တည်၊ သင်္ကန်းတို့ဖြစ်ပြီး ဒီရေတောများတွင် စိုက်ပျိုးရန် ပျိုးပင်မျိုးများ ကိုလည်းဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးတော်ပွဲအားမေ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်၊ ကျေးရွာများအလိုက် ကျင်းပရန်စီစဥ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)