တမူးခရိုင်၊ မြို့သစ်မြို့တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စံပြကွက် ကြဲပက်စိုက်ပျိုးပွဲ ကျင်းပ

မြို့သစ်၊ မေ(၂၇)

တမူးခရိုင်၊ မြို့သစ်မြို့ စိုက်ပျိုးရေးဦးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စံပြကွက် ကြဲပက်စိုက်ပျိုးပွဲကို မေလ(၂၆)ရက်နေ့ နံနက်(၈) နာရီက မြို့သစ်မြို့၊ ဗန္တုလကျေးရွာရှိ တောင်သူ ဦးလွန်းကျော်၏ လယ်ဧက (၁၃)ဧက ပေါ်တွင် ကြဲပက်စိုက်ပျိုး ခဲ့ကြောင်းသိရသည်။

အဆိုပါ စိုက်ပျိုးပွဲတွင် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးမျိုးနိုင်က သဘာဝမြေဩဇာဖြစ်သည့် သစ်စိမ်းမြေဩဇာထည့်သွင်းပေးခြင်းသည် မြေဆီလွှာတွင် နိုက်ထရိုဂျင် ကြွယ်ဝစေခြင်း၊ မြေသားတည်ဆောက်မှု ကောင်းမွန်စေခြင်းတို့ကြောင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဓါတ်မြေဩဇာ ဈေးနှုန်းမြင့်မားနေချိန်မှာ သဘာဝမြေဩဇာဖြစ်သော ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) အပင်များကို ထည့်သွင်းစိုက်ပျိုးခြင်းအားဖြင့် စိုက်ပျိုးမြေတွင် သစ်ဆွေးနှင့် အခြားအာဟာရဓါတ်များစွာရရှိနိုင်သဖြင့် ဓါတ်မြေဩဇာ ကုန်ကျစရိတ်ကိုလည်း လျော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့သစ်မြို့စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်ကိုဦးက မျိုးထုတ်ကွက်ဧက (၂၅)ဧက စိုက်ပျိုးသွားမှာ ဖြစ်ကြောင်း၊ တစ်ဧက မျိုးထုတ်ကွက်မှာ ၄ ပြည်နှုန်း၊ စိုက်ပျိုးမြေသြဇာ တစ်ဧကမှာ ၆ ပြည်နှုန်း ကြဲရမှာဖြစ်ကြောင်း၊ မျိုးစေ့များကို ကြဲပက်ပြီးနောက် (၄၅)ရက်သား အကြာတွင် ဖူးပွင့်လာပြီး နိုက်ထရိုဂျင်ထုတ်လုပ်မှု အမြင့်မားဆုံးဖြစ်၍ ထယ်ထိုးမြေလှန်ရမှာ ဖြစ်ကြောင်း၊  မြေလှန်အပုတ်အဆွေးခံပြုလုပ်ခြင်းနဲ့ ပုလဲမြေဩဇာအစားထိုး သဘာဝမြေဩဇာ ရရှိသည့်အတွက် တောင်သူများအနေဖြင့် အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်စိုက်ပျိုးပွဲသို့ တမူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန  ခရိုင်မြေအသုံးချရေးတာဝန်ခံ၊ မြို့သစ်မြို့စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချင်းတွင်းမေ(ပြန်ဆက်)