ဆင်ပေါင်ဝဲ မေ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စိုက်ကြပ် အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ နေကြာသီးနှံစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ လျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ "ဆင်ပေါင်ဝဲမြို့နယ်အနေဖြင့် နေကြာသီးနှံစိုက်ဧက ပြည့်မီကျော်လွန်ရန်အတွက် ယခုလို တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ယခုအခါ ဆင်ပေါင်ဝဲမြို့နယ်တွင် မိုးရွာသွန်းနေပြီ ဖြစ်သည့်အတွက် နေကြာစိုက်ပျိုးထားရှိမှု အခြေအနေများအား တာဝန်ပေးထားသည့် အဖွဲ့များအနေဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးရန် လိုအပ်ကြောင်း၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အသိပညာပေးခြင်း လုပ်ငန်းများကို တောင်သူများ တတ်သိနားလည်သည်အထိ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း" စသည်ဖြင့် ပြောကြားသွားသည်။
ထို့နောက် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များမှ လက်ရှိ နေကြာစိုက်ပျိုးထားရှိမှုအခြေအနေနှင့် လျာထားချက် ပြည့်မီကျော်လွန်ရေးအတွက် လုပ်ငန်း လိုအပ်ချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)