ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကန့်ဘလူ မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကာ စာဖတ်စွမ်းရည်ပြိုင်ပွဲကို မေ ၂၇ ရက်နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က ကျောင်းသူကျောင်းသားများအနေဖြင့် အဖတ်၊ အမှတ် စွမ်းရည်များ တိုးတက်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေကိုချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာစေရန်နှင့် စာဖတ်ဝါသနာပါသည့် လူငယ်များဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကျောင်းသားလူငယ်များ၏ စကားလုံးပီသမှု၊ အသံနေအသံထားနှင့် အသံထွက်ကောင်းမွန်မှု၊ အဖြတ်အတောက်ကောင်းမွန်မှု၊ အသံကြည်လင်ပြတ်သားမှု စသည့်အချက်များကို အကဲဖတ်အမှတ်ပေး၍ ဆုရရှိကြသူများကို ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)