ပေါက်ခေါင်း မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တွင်နိုင် (၄) မှတ်တမ်းများအား Computer Software အသုံးပြု၍ စိစစ်ရေးသွင်းခြင်းကို ဧပြီလ ၄ ရက်နေ့ မှစ၍ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများနှင့် အခြားဌာန ဆိုင်ရာများ ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ယခုအခါ အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသား ကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင် (၄) မှတ်တမ်းများအား Computer Software ဖြင့် ထိန်းသိမ်းနိုင်ရေး စာရင်းရေးသွင်းရန် (၁၂၆၇၁၈) ဦးရှိရာ ယနေ့ အထိ (၁၂၈၉၀၇) ဦးထိ စာရင်းသွင်းပြီဖြစ်၍ ရာနှုန်းပြည့်ကျော်လွန် ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်း လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။ လည်းကောင်း နိုင် (၄) မှတ်တမ်းများ Computer Software ဖြင့်စာရင်းသွင်းခြင်း လုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် အခြားဌာနဝန်ထမ်းများစုစုပေါင်း ဝန်ထမ်းအင်အား (၃၅) ဦး၊ ကွန်ပျူတာအလုံး (၃၀) တို့ဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်စိုးတို့မှ လာရောက်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)