ဇီးကုန်း မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ယနေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ရန်ကင်းကျေးရွာအတွင်း တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များ အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက လိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြားကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ အဆိုပါလုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင့်ဆွေ