ပဲခူး မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က အ.ထ.က (၁) သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က(၃)မှ ကျောင်းသား၊ ကျောင်းသူလေး များက“ကျောင်းအပ်ဖို့”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက နိုင်ငံတော်အစိုးရ၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသူနိုင်ငံသားတိုင်း အနိမ့်ဆုံးအဆင့် အလယ်တန်းပညာ (Grade-9) ပြီးဆုံးရေး ပညာရေးမျှော်မှန်းချက်နှင့်အညီ”ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”ဟု တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဦးခင်အောင်ရီက ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းသို့ရောက်ရှိရေးနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ကျောင်းသုံး ဗလာစာအုပ်များ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ပြီး အ.ထ.က(၃)ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်