တောင်တွင်းကြီး မေ ၂၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံးကို လာမည့်ဇွန် (၂)ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ပညာသင်ကြားကြမည့် ကျောင်းသား/ကျောင်းသူ များအား ယမန်နေ့နံနက်မှစ၍ သက်ဆိုင်ရာ ကျောင်းအသီးသီးရှိ ဆရာ၊ ဆရာမများထံတွင် မိဘအုပ်ထိန်းသူများနှင့်အတူ ကျောင်းလာရောက် အပ်နှံလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် အထက်တန်းကျောင်း (၁၃)ကျောင်း၊ အ.ထ.က(ခွဲ)(၁၅) ကျောင်း၊ အလယ်တန်းကျောင်း(၂၆)ကျောင်း၊ အလက(ခွဲ) (၃၃) ကျောင်း၊ မူလွန်(၄၃)ကျောင်း၊ အ.မ.က(၁၁၀)ကျောင်း၊ အ.မ.က(ခွဲ) (၁၃) ကျောင်း စုစုပေါင်း(၂၅၃)ကျောင်းတို့ရှိပြီး ကျောင်းလာရောက်အပ်နှံသော ကျောင်းသား/ကျောင်းသူများအား နိုင်ငံတော်မှအခမဲ့ ထောက်ပံ့သော စာရေးကိရိယာ၊ ကျောင်းသုံးစာအုပ်နှင့် ဗလာစာအုပ်များကို ဆရာ၊ ဆရာမများက ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ယမန်နေ့က ကျောင်းစတင်လက်ခံခြင်း ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်ပညာရေးမှူးနှင့် အထက်တန်း၊ အလယ် တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုး ဆောင်အဖွဲ့များက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)