ကြို့ပင်ကောက်မြို့ မိုးစပါးစိုက်တောင်သူများ စပါးပေါ်ချိန် ဈေးကောင်းရရန်မျှော်လင့်နေ

ကြို့ပင်ကောက် မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၂ ခုနှစ် မိုးစပါး စိုက်တောင်သူများ စပါးပေါ်ချိန် ဈေးကောင်းရရန် မျှော်လင့်နေကြောင်း မိုးစပါးစိုက်ပျိုး ပြီးစီးသွားသော ဒန့်ဒလွန်ကွင်းကျေးရွာမှ တောင်သူတစ်ဦးထံမှ သိရသည်။

ကြို့ပင်ကောက်မြို့တွင် ၂၀၂၂ ခုနှစ်မိုးစပါးအား ၈၅၃၇၈ ဧက စိုက်ပျိုးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိကြောင်း ယနေ့အထိ မိုးစပါး ဆင်းသုခ ၁၂၈၇ ဧက၊ ရတနာတိုး ၅၅၄၄ ဧကနှင့် ဒေသမျိုးကရင်မထိပ်ဆောင်း ၉၅၅၅ ဧက စုစုပေါင်း ၁၆၃၈၆ ဧကအား ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့ချစက်ဖြင့် စိုက်ပျိုးခြင်းများကိုလည်း စီစဉ်ဆောင်ရွက်နေကြောင်း မိုးစပါးစိုက်ပျိုးရန်အချိန်စောနေပြီ တချို့တောင်သူများသာ စိုက်ပျိုး၍ပြီးစီးနေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်ဌေးက ပြောသည်။

ဒန့်ဒလွန်ကွင်းကျေးရွာမှ တောင်သူဦးစိန်ဝင်းက သက်လတ်မိုးစပါး ၁၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ယနေ့အထိ မျိုးစပါးဘိုးနှင့် လယ်လုပ်စက်ငှားရမ်းခငွေကျပ် ၁၀ သိန်းခန့် ကုန်နေပြီဖြစ်ကြောင်း ဓါတ်မြေဩဇာ၊ ပိုသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် ရိတ်သိမ်းခများ ငွေကျပ် ၄၀ သိန်းခန့်ကုန်ရန်ကျန်ရှိနေကြောင်း တစ်ဧကအထွက်နှုန်းတိုးရန်နှင့် စပါးဈေး ၆ သိန်းဈေး အထက်ရရှိမှသာ အမြတ်အစွန်း အနည်းငယ်ရရှိမည်ဖြစ်၍ ဈေးကောင်းရရန် မျှော်လင့်နေကြာင်း ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)