နတ်မောက်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (အခမဲ့) အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကျင်းပ

နတ်မောက် မေ ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဆောင်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု(အခမဲ့) အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်ခန့်က တဲကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူရက စက်ချုပ်သင်တန်းဆင်းပြီးသော်လည်း စက်ချုပ်ပညာအား အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ မိမိဌာနမှဖွင့်လှစ်သည့် အခြားအသက်မွေးဝမ်းကျောင်း သင်တန်းများကိုလည်း စိတ်ပါဝင်စားစွာ တက်ရောက်စေလိုကြောင်း ဆွေးနွေးပြောကြားပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။ ဆက်လက်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူ မဆွေဇင်ထွန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ရင်စေ့၊ ရင်ဖုံး၊ ရှက်အင်္ကျီ၊ ကုတ်အင်္ကျီ၊ ကလေးဂါဝန်၊ သင်္ဘောသားဝမ်းဆက်၊ ချိတ်စကပ်ချုပ်နည်းများ သင်ကြားပေးခဲ့ပြီး သင်တန်းကာလမှာ(၁) လခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။ သင်တန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူရနှင့်ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ သင်တန်းသူ (၃၅) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သင်းသင်းမြတ် (မြို့နယ် ပြန်/ဆက်)