စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

မုံရွာ မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်သော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက “ယခုသင်တန်းကို တိုင်းဒေသကြီး/ပြည်နယ်များရှိ တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင်ပါဝင်မည့် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရစဉ် ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်လျက်ရှိရာ တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)အား (၉.၅.၂၀၂၂)ရက်နေ့မှ (၂၀.၅.၂၀၂၂) ရက် နေ့အထိ ရက်သတ္တပတ် (၂)ပတ်အကြာ နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်-၅၂ တွင် ဖွင့်လှစ်ပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ကို စစ်ကိုင်းတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ (၁၅.၁၁.၂၀၁၉) ရက်စွဲပါစာအမှတ်၊ ၃/၆-၁(၁၅)/(၃၈၉)(လုံ/နယ်-၁)ဖြင့် ဖွဲ့စည်းခဲ့ပြီး (၂၇.၁၀.၂၀၂၁) ရက်စွဲပါစာအမှတ်၊ ၃/၆-၂(၅)/(၈၂၂)(စီးပွားကူးသန်း)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ တရားမဝင် ကုန်သွယ်မှုဖမ်းဆီးရရှိမှု အခြေအနေအရ စုစုပေါင်း(၄၄)မှုရှိပြီး ခန့်မှန်းတန်ဖိုးကျပ်သန်းပေါင်း (၁၄၇၀)ကျော် ရှိပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် နယ်စပ်စခန်းအနေဖြင့် တမူးကုန်သွယ်ရေးစခန်းတစ်ခုသာရှိပြီး ထိုမှတဆင့် တရားဝင်ကုန်သွယ်သည့် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာသန်း(၁.၈၀၃) သန်းနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်း(၀.၂၂၈)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂.၀၃၁)သန်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့အခွန်အခများ မဆုံးရှုံးစေဖို့၊ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေး၊ စားသုံးသူပြည်သူလူထု အန္တရာယ်ကင်းရှင်းရေးတို့အပြင် အမျိုးသားလုံခြုံရေးနဲ့ ကျန်းမာရေး တို့အတွက် အရေးကြီးသဖြင့် စစ်ဆေးရေးဆောင်ရွက်သည့် ဝန်ထမ်းများအနေဖြင့် သဘောပေါက်အောင်ရှင်းပြပေးစေလိုကြောင်း၊  ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အိန္ဒိယနိုင်ငံဘက်မှ ကူးသန်းရောင်းဝယ်ခွင့်ပိတ်ခဲ့ပြီး၊ ယခုအချိန်တွင် ပြန်လည်ခွင့်ပြုပေးရန် တောင်းဆိုလာကြောင်း၊ တမူးဘက်တွင် မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများ ဝင်ရောက်နိုင်သဖြင့် မိမိတို့တိုင်းအနေဖြင့် အရေးကြီးပါကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက ပြည်သူများ၊ ကားသမားများနှင့် ထိတွေ့ဆက်ဆံရသည့်အတွက် လာဘ်ပေးလာဘ်ယူမှု ကင်းစေလိုကြောင်း၊ စစ်ဆေးရေး ဂိတ်များတွင် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေက ဦးဆောင်ကော်မတီက ချမှတ်ထားသော SOP နှင့် ဥပဒေအရ အဖွဲ့ပေါင်းစုံဖြစ်တဲ့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ဖို့လိုကြောင်း၊ ထူးခြားဖြစ်စဉ်ရှိခဲ့ပါက သက်ဆိုင်ရာတိုင်း ဒေသကြီးဦးစီးမှူးများကတဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အချိန်နှင့်တပြေးညီ တင်ပြဖို့ လိုပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တမူးခရိုင်တွင်(၄)မိုင် စစ်ဆေးရေးဂိတ်၊ စစ်ကိုင်းခရိုင်တွင် ရတနာပုံစစ်ဆေးရေးဂိတ်၊ မုံရွာခရိုင်အနေဖြင့် ကျွဲရဲစစ်ဆေးရေးဂိတ်နှင့် မအူစစ်ဆေးရေးဂိတ်၊  ရွှေဘိုခရိုင်တွင် အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ်ထိပ်ဂိတ် စသည့် စုစုပေါင်းဂိတ်(၅)ခု ဖွင့်လှစ်ကာ တာဝန်ထမ်းဆောင်နေပြီး၊ လိုအပ်ပါက ကလေးဝ-ကျီကုန်းဂိတ် ထပ်မံဖွင့်လှစ်ရန် စီစဉ်လျှက်ရှိပါကြောင်း၊ နိုင်ငံတော်တာဝန်ဖြစ်တဲ့အတွက် ပေါ့ပေါ့ဆဆ သဘောမထားဘဲ လေးလေးနက်နက်ဆောင်ရွက်စေလိုပါတယ်။ ပြည်သူများ အထင်မှားစေမည့် အဂတိကိစ္စများ ရှောင်ကြဉ်ကြရန်၊ သက်ဆိုင်ရာတာဝန်ခံများမှတဆင့် တိုင်းဒေသကြီးဦးစီးမှူးများမှ အဆင့်ဆင့်ဆက်လက်တင်ပြကြရန်၊ ယနေ့ပို့ချသည့် သင်ခန်းစာများကိုလည်း သေချာလေ့လာမှတ်သားရန်နှင့် ဌာနစုံ၊ အဖွဲ့စုံပူးပေါင်း၍ တိုင်းဒေသကြီးအကျိုး၊ တိုင်းပြည်အကျိုးဆောင်ရွက်လုပ်ကိုင်ရခြင်းဖြစ်၍ အချင်းချင်းပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် အဖွဲ့က သင်တန်းသို့ တက်ရောက်လာသော တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ သင်တန်းသား ၂၃ ဦးနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် တိုင်းဒေသကြီးအဆင့် သစ်တောဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ သင်တန်းနည်းပြဆရာ(၃)ဦးက သစ်တောထွက်ပစ္စည်းများ ရှာဖွေဖမ်းဆီးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အခြားသိကောင်းစရာများကို သင်တန်းသား(၂၃)ဦးအား စာတွေ့လက်တွေ့တစ်ရက်ကြာ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)