ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက် အပ်နှံမှုများပြား

ကန်ကြီးထောင့် မေ ၂၇

နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ ကျောင်းအပ်နှံမှု စတင်သည့်ရက်တွင် ကန်ကြီးထောင့်မြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများ များပြားကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့ အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပဆောင်ရွတ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦးက ပညာရေးဆိုင်ရာ သိမှတ်ဖွယ်ရာအသီးသီးအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့်စပ်လျဉ်း၍ ပညာရေးဌာန၏ ဆောင်ရွတ်ပံ့ပိုးပေးမှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား ကျောင်းသူများ၏ ကျောင်းအပ်နှံမှု အခြေအနေများအား ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ကန်ကြီးထောင့်မြို့နယ်အနေဖြင့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ကျောင်းစတင်အပ်နှံသည့် အချိန်မှစ၍ မိဘများနှင့် ကျောင်းသား ကျောင်းသူများသည် ပျော်ရွင်စွာဖြင့် ကျောင်းများသို့ လာရောက်ကျောင်း အပ်နှံနေကြသည်ကိုလည်း တွေ့မြင်ရပြီး သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာ အသင်းဝင်များနှင့် တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ကျောင်းသားမိဘဆွေမျိုးများ၊ ပြည်သူများမှ ကျောင်းလာအပ်နှံကြသည့် ကျောင်းသား ကျောင်းသူများ၏ လုံခြုံရေးကိစ္စများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု ရက်သတ္တပတ်အဖြစ် မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ဇွန်လ ၂ ရက်နေ့မှ စတင်ကာ သင်ကြားမှုများ စတင်မည်ဖြစ်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံပညာကျောင်းများအနေဖြင့် အ.ထ.က၊ အ.ထ.က(ခွဲ) ၂၆ ကျောင်း၊ အ.လ.က၊ အ.လ.က(ခွဲ) ၂၈ ကျောင်း၊ မူလွန် (၁၉)ကျောင်းနှင့် အ.မ.က (၁၂၁)ကျောင်းရှိပြီး အေးချမ်းပျော်ရွင်စွာ မိဘများမှ မိမိတို့၏ ကလေးများအား ကျောင်းများလာရောက် အပ်နှံလျက်ရှိကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)