ငါးသိုင်းချောင်း မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၂)ကို မေလ ၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် ဒေသခံလူငယ်သင်တန်းသား၊ သင်တန်းသူ (၁၅)ဦးအား (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယနေ့ နံနက်ပိုင်းက သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲ၌ မြို့ပြန်ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေ၊ (Club)အသင်းအဖွဲ့ခေါင်းဆောင် ဦးအောင်စိုးမြင့်တို့က သင်တန်းဆင်းအမှာစကား ပြောကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းနည်းပြ (၂)ဦးအား အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာမူတည်နေသည့်အတွက် ဘက်စုံထူးချွန်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်၊ ခေတ်၊ စနစ်နှင့်အညီ မဖြစ်မနေ တတ်မြောက်ထားသင့်သည့် ပညာရပ်တစ်ခုအနေဖြင့် တတ်မြောက်ထားရှိပြီး လူငယ်များ၏ အနာဂတ်ဘဝ တိုးတက်မှုအခွင့်အလမ်းကောင်းများ ရရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ (Book Club, Youth Club, Women Club)အသင်းအဖွဲ့များ၊ မြို့ဌာနဆိုင်ရာများ၊ စေတနာရှင်(ပညာဒါန) သင်တန်းနည်းပြဆရာများ၊ ဒေသခံပြည်သူများ ပူးပေါင်းစီစဉ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ သင်တန်းများကို လူထုအခြေပြုဗဟိုဌာန၌ အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)