တောင်တွင်းကြီး မေ ၂၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ဝန်ထမ်းများစုပေါင်းအဖွဲ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဗိုလ်ချုပ်ပန်းခြံအတွင်း ပန်းအလှပင်များ စိုက်ပျိုးခြင်းနှင့်စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရူ့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများစုပေါင်းအဖွဲ့က တောင်တွင်းကြီးမြို့တွင်းရှိ ဗိုလ်ချုပ်ပန်းခြံအား ဒေသခံပြည်သူများ စိတ်အေးချမ်းစွာအပန်းဖြေနိုင်ရေးအတွက် ပန်းခြံအတွင်း ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်း၊ မြို့တွင်းလမ်းဘေး (ဝဲ၊ ယာ) များ၌ ပန်းအလှပင်များ စိုက်ပျိုးနိုင်ရေးအတွက် ပျိုးဥယျာဉ်ခြံတွင် ပျိုးထောင်ထားရှိသော ပန်းအလှပျိုးပင်များကို ရေဖျန်းခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် တောင်တွင်းကြီးမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ရပ်ကွက်များအတွင်း အမှိုက်ကင်းစင်ရေးအတွက် သန့်ရှင်းရေးဝန်ထမ်းများက နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် သန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည့်အပြင် ရပ်ကွက်နေပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရန်အတွက် အမှိုက်သိမ်းယာဉ်ဖြင့် ရပ်ကွက်များအတွင်းလှည့်လည်၍ အမှိုက်များသိမ်းဆည်းပေးခြင်းကိုလည်း အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)