သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြီး ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

သဲကုန်း မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်း မြို့နယ်တွင်  “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ” ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က အ.ထ.က သဲကုန်း သာဓုခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဌေးဝင်းက ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သတ်၍ မြန်မာတစ်နိုင်ငံလုံး ကျောင်းအပ်နှံရေးနေ့ကို မေ ၂၆ ရက်မှ ဇွန် ၁ ရက်နေ့ထိ သတ်မှတ်ထားပြီး ဇွန် ၂ ရက်နေ့မှာ အ‌ခြေခံပညာကျောင်းများ အားလုံးပြန်လည်ဖွင့်လှစ်က ကျောင်းသား / သူများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားရတော့မှာဖြစ်ပြီး ကျောင်းသားမိဘများအနေဖြင့်လည်း သတင်းအမှားများကို မယုံကြည်ဘဲ မိမိသားသမီးပညာရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြစေလိုကြောင်း၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဌာန်း စာအုပ်၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံနှင့် ဆက်လက်၍ ကျောင်းဝတ်စုံများ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

သဲကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (၆) ကျောင်း၊ အထက် တန်း (ခွဲ)ကျောင်း (၅) ကျောင်း၊ အလယ်တန်းကျောင်း (၆) ကျောင်း၊ အလယ်တန်း (ခွဲ)ကျောင်း (၄) ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၉) ကျောင်း၊ မူလတန်းကျောင်း (၁၆၀) ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်း (၁၉၄) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများပျော်ရွှင်စွာ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်