ကသာ မေ ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားသည့် တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်(၉)နာရီအချိန်က အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက ပြည်သူများအနေဖြင့် လယ်ယာထွက်ကုန်သီးနှံ များကို အခြေခံသော တန်ဖိုးမြှင့်ထုတ်ကုန်များ၊ သဘာဝသယံဇာတကို အခြေခံသော လက်မှု အနုထည် ထုတ်ကုန်များကို အိမ်တွင်းအသေးစား စက်မှုလက်မှုလုပ်ငန်းများမှ အရည်အသွေး ကောင်းမွန်စွာ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အဆိုပါဦးစီးဌာနမှ သင်တန်းဆရာများက သင်တန်းသား/သူများအား တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်နည်းပညာများကို လက်တွေ့ပြသပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဦးစီးဌာနအနေဖြင့် ပြည်သူများအား မေလ(၂၄)ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး မေလ(၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် မြို့ပေါ်ရပ်ကွက်များမှ သင်တန်းသား(၂)ဦး၊ သင်တန်းသူ(၁၈)ဦး၊ စုစုပေါင်း(၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
နေခ (ပြန်/ဆက်)