စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဖွင့်ပွဲအခမ်းအနား ကျင်းပ

စလင်း မေ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ အားလုံးတို့၌ တက်ရောက်ပညာသင်ကြားမည့် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က စလင်းမြို့ အခြေခံပညာ အမှတ်(၁) အထက်တန်းကျောင်းဝန်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် တက်ရောက်၍ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေး ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်သူ၊ ဒုမြို့နယ်ပညာရေးမှူး ဦးရာဇာထက်နှင့် ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင်သန်းနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်မှ အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်သန်းမှ တစ်နှစ်တာအတွက် ကျောင်းသားမိဘများနှင့် ကျောင်းသားသူငယ်များကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အတန်းများအလိုက် အောင်မြင်ခဲ့ကြပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းမတက်ရောက်ခဲ့သူများနှင့် ပြီးမြောက်အောင် အတန်းပညာမသင်ကြားခဲ့သူများမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အတန်းကူးပြောင်း တက်ရောက်သင်ကြားရမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအပ်နှံရေး သီတင်းတပါတ်ကာလအဖြစ် မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံရေးကာလအတွင်း ကျောင်းသား ကျောင်းသူများအားလုံး အပ်နှံကြရန်နှင့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ကျောင်းအပ်နှံရာတွင် နိုင်ငံတော်မှ ကျာင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ပုံနှိပ်စာအုပ်၊ ဘောလ်ပင်၊ ကျောင်းဝတ်စုံတစ်စုံတို့ကို အခမဲ့ဖြန့်ဖြူး ပေးသွားမည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်မှ အခမဲ့ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်တို့အား မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားတစ်ဦးခြင်းနှင့် မြို့နယ်ဒုပညာရေးမှူး ဦးရာဇာထက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းနှင့် ကျောင်းသုံးစာအုပ်များကို တစ်ဦးခြင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)