ဆိပ်ဖြူ မေ ၂၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် ပညာတက်ရောက်သင်ကြားမည့် ကျောင်းသား/ကျောင်းသူများကို ယမန်နေ့နံနက်မှ စတင်၍ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူမှု အခွင့်အလမ်းများ ရရှိစေရန်အတွက် အခြေခံပညာကျောင်းများ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးနေပြီး ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူများနှင့် မိဘများကိုယ်တိုင် သား/သမီးများအား မိမိတို့ တက်ရောက်မည့် ကျောင်းအသီးသီးရှိ အတန်းများတွင် လာရောက်အပ်နှံလျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် အခြေခံပညာကျောင်း(၁၃၉) ကျောင်း ရှိသည့်အနက် (၈၇) ကျောင်းတွင် ယမန်နေ့တွင် စတင်လက်ခံနေပြီဖြစ်ကြောင်း ကျောင်းအပ်နှံမည့် ခန့်မှန်းကျောင်းသား/ကျောင်းသူ ၈၂၁၂ဦးရှိပြီး ကျောင်းအပ်နှံရေး ပထမနေ့တွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၇၇၃) ဦး၊ အလယ်တန်းအဆင့် (၇၀၉)ဦး၊ အထက်တန်းအဆင့် (၂၄၇) ဦး စုစုပေါင်း (၂၇၂၉)ဦး လာရောက်အပ်နှံပြီး (၃၃.၂၃) ရာခိုင်နှုန်း ကျောင်းအပ်လက်ခံနိုင်ခဲ့ကြောင်း၊ ကျောင်းသား/ကျောင်းသူများကို အခြေခံပညာကျောင်းများတွင် ဆက်လက် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ကျောင်းအပ်နှံသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာ ဘောပင်နှင့် ခဲတံများကို တစ်ပါတည်း ထုတ်ပေးလျက်ရှိသလို ကျောင်းအတွက် အခကြေးငွေ ကောက်ခံခြင်းမရှိဘဲ လက်ခံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ အဆိုပါ ကျောင်းအပ်လက်ခံနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးပိုင်၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု၍ ကျောင်းအပ်လာသည့် ကျောင်းသား/ကျောင်းသူများနှင့် မိဘများအား အားပေးစကားများ ပြောကြားခဲ့ကြပြီး ကျောင်းပတ်ဝန်ကျင်သန့်ရှင်းရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)