ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မောင်တော မေ ၂၇

ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ NGO အဖွဲ့များမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ယမန်နေ့ နံနက် ၈ နာရီအချိန်က ရပ်ကွက်(၅)အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ အဘိတ်ဆေးများခပ်ပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားများ အရန်သားဖွားဆရာမများ၊ ကျန်းမာရေးလုပ်သားများ၊ INGOs ဝန်ထမ်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကရုဏာကွန် ယက်အဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရပ်ကွက်(၅)အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ မလှဲမသွန်နိုင်သော နေရာများကို အဘိတ်ဆေးများ ခပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ပွားနိုင်သောရေ လှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးများ ခပ်ပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး လုပ်ငန်းများအား ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)