အုတ်တွင်း မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ကျောင်းများ ၌”ကျောင်းနေအရွယ်ကလေးများ အားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အုတ်တွင်းမြို့နယ် အခြေခံပညာကျောင်းအသီးသီး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှကျောင်းသား၊ ကျောင်းသူများအတွက်ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများအား ဆရာ၊ ဆရာမများက အခမဲ့ဖြန့်ဝေပေးအပ်ရာ ကျောင်းသားကျောင်းသူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း(၇) ကျောင်း၊ အ.ထ.က (ခွဲ)ကျောင်း (၇)ကျောင်း၊ အလယ်တန်း ကျောင်း(၃) ကျောင်း၊ အ.လ.က (ခွဲ)ကျောင်း(၂၄)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၀၈)ကျောင်း၊ မူလတန်းကျောင်း (၁၃) ကျောင်း၊ အ.မ.က(ခွဲ) ကျောင်း (၆)ကျောင်း စုစုပေါင်း (၁၆၈) ကျောင်းတို့၌ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် အခြေခံပညာကျောင်းများအား ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်ခင်မာ