ပေါင်းတည် မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် (၉) နာရီအချိန်ကစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးတွင် ကျောင်းအပ် လက်ခံခြင်းကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနမှ (၅) နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) သို့အပ်နှံရန်၊ (၆) နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1) သို့အပ်နှံရန်နှင့် ကျောင်းများအပ်နှံရာတွင် မည်သည့်အခကြေးငွေကိုမျှ လုံးဝမကောက်ခံပါ၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် ဘောပင် / ခဲတံများ(အခမဲ့)ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း အခြေခံပညာ(အ ထ က)ကျောင်း (၆) ကျောင်း၊ (အ ထ က/ခွဲ) (၁၁) ကျောင်း၊ (အ လ က ) (၁၁) ကျောင်း၊ (အ လ က/ခွဲ) (၁၂) ကျောင်း၊ (မူ/လွန်၊ အ မ က) (၁၉) ကျောင်း၊ (အ မ က) (၁၀၂)ကျောင်း၊ (မူ/ခွဲ အ မ က) (၆) ကျောင်း၊ ဘုန်းတော်ကြီးစာသင်ကျောင်း (၃) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂) ကျောင်းစုစုပေါင်း ၁၇၂ ကျောင်းရှိပြီး ကျောင်းများအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် (၂၆-၅-၂၀၂၂) မှ စ၍ (၁-၆-၂၀၂၂) အထိကျောင်းအပ် လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)