မာန်အောင် မေ ၂၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ၂၀၂၂ ခုနှစ် ဇွန်လ (၂)ရက် နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ယမန်နေ့နံနက် (၉)နာရီမှ စတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆) နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1) သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အဖြစ် သတ်မှတ်ထားပြီး နံနက်(၉)နာရီမှ မွန်းလွဲ (၃)နာရီအထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်သည်။
မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများဖြစ်သည့် အထက (၇) ကျောင်း၊ အထက(ခွဲ) (၆)ကျောင်း၊ အလက(၇)ကျောင်း၊ အလက(ခွဲ)(၄)ကျောင်း၊ အမက(မူလွန်) (၁၅)ကျောင်း၊ အမက(၇၈) ကျောင်း၊ အမက(ခွဲ)(၁)ကျောင်းစုစုပေါင်း (၁၁၈) ကျောင်းရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)