မြောက်ဦး မေ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမတို့က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံလျက်ရှိပြီး၊ ကျောင်းပြဌာန်းစာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များကို အခမဲ့ထုတ်ပေးလျက်ရှိသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ မူလတန်း(၇၅)ကျောင်း၊ မူလွန်(၆၆)ကျောင်း၊ အမကခွဲ(၂၂)ကျောင်း၊ အလယ်တန်း(၁၄)ကျောင်း၊ အ.လ.ကခွဲ(၃၆)ကျောင်း၊ အထက်တန်း (၁၁)ကျောင်းနှင့် အ.ထ.ကခွဲ(၂၁)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း(၂၄၅) ကျောင်းတို့တွင် မေလ ၂၆ ရက်နေ့မှ စတင်၍ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
မြင့်စိုး(ပြန်/ဆက်)