ချောင်းသာမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလုပ်ငန်းများ စတင်ဆောင်ရွက်

ချောင်းသာ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလုပ်ငန်းများ စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းအပ်နှံရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများအား နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ချောင်းသာမြို့တွင် အခြေခံပညာ အထက်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း (၃)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (၄)ကျောင်းနှင့် အခြေခံပညာ မူလတန်းလွန်ကျောင်း (၁)ကျောင်းတို့ရှိပြီး “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းများကို သက်ဆိုင်ရာ ကျောင်းများအလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူများအား သင်ရိုးညွန်းတန်းဖတ်စာအုပ်နှင့် စာရေးကိရိယာများ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)