ကျောက်ဆည် မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိရေး အာဆီယံသပြေပန်းပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း အာဆီယံသပြေပန်းစိုက်ပျိုးရောင်းချသည့် ပြည်ပန်းကျေးရွာမှ ဦးညီညီနိုင်ကပြောပြ၍ သိရသည်။
အာဆီယံသပြေပန်းစိုက်ပျိုးရာတွင် မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင်(၅)ပေ၊ တစ်တန်းနှင့် တစ်တန်း(၆)ပေအကွာစိုက်ပျိုးပါက လေဝင်လေထွက်ကောင်းမွန်ပြီး လိုအပ်သလို ရေသွင်းရေထုတ်ပြုလုပ်နိုင်သဖြင့် အကိုင်းအခက်ဖြာထွက်မှုကောင်း မွန်ပြီး အရောင်အသွေးကောင်းမွန်၍ ရောင်းချရာတွင် သပြေကိုင်းအညွှန့်(၁၀)ညွှန့်တစ်စည်းအား ငွေကျပ်(၃၀၀)ဖြင့်ရောင်းချရကြောင်း အာဆီယံသပြေပန်း အပင်(၂၀၀)စိုက်ပျိုးထားသည့် မသီတာအေးက ပြောပြသည်။
သပြေပန်းပင်သည် ရေငတ်ဒဏ်အသင့်အတင့်ခံနိုင်ပြီး နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ကာ အခြားသီးပင်၊ စားပင်များနှင့်နှိုင်းယှဉ်ပါက လူအင်အားနှင့် သွင်းအားစုကုန်ကျစရိတ်နည်းပါးကာ နေ့စဉ်ဝင်ငွေရသောကြောင့် မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)