မြစ်သား မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်”ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်း အခြေခံပညာကျောင်းများအားလုံး၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်းသိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာအတန်းများအလိုက်ကျောင်း အုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမတို့က ကျောင်းသားကျောင်းသူများအား ကျောင်းအပ်လက်ခံလျက်ရှိပြီး ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်များ၊ ဘောလ်ပင်နှင့် ခဲတံများကို(အခမဲ့)ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၈၄)ကျောင်း၊ ဘုန်းတော်ကြီးပညာရေး(၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၁၉၁)ကျောင်းတို့တွင် ၂၀၂၂ ခုနှစ် မေလ(၂၆) ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သီတာအောင်(မြစ်သား)