ဝက်လက်မြို့၌ သစ်စိမ်း ဓာတ်မြေသြဇာသုံးစွဲနည်း အသိပညာပေးသင်တန်းဖွင့်

ဝက်လက် မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ယနေ့ နံနက်  ၉ နာရီ အချိန်မှစတင်၍ တောင်သူများ သစ်စိမ်းဓာတ်မြေသြဇာပြုလုပ်သုံးစွဲနည်း အသိပညာပေး      သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ယခုအချိန်တွင် ဓာတ်မြေသြဇာ​စျေးအဆမတန် မြင့်မားနေသည့်အချိန်တွင် တောင်သူများ၏ ထုတ်လုပ်မှုစရိတ်လျော့ချနိုင်ရန် ဓာတ်မြေသြဇာအစား အကျိုးရှိသော သဘာဝသစ်စိမ်း ဓာတ်မြေသြဇာတွေကို ပြုလုပ်သုံးစွဲတတ်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရကြောင်း သစ်စိမ်းဓာတ်မြေသြဇာကို ပိုက်ဆံလျှော်သီးနှံဖြင့် ပြုလုပ်ရသောကြောင့် ရရှိလာသော အကျိုးကျေးဇူးများကတော့ စိုက်ပြီး ၄၅ ရက်သားတွင် ထယ်ထိုးပြီး မြေမြှုပ်နိုင်မည်ဆိုလျှင် ရရှိမည့် ဓာတ်တွေကတော့ အင်မတန်မှ အကျိုးကျေးဇူးများသောယူရီးယား ဓာတ် ၈၆ ပေါင်၊ တီဆူပါ ၁၂ ပေါင် ၊ ပိုတက်မြေသြဇာ ၄၈ ပေါင် အာနိသင်ရှိပြီး  သစ်စိမ်းမြေသြဇာ ပြုလုပ်သုံးစွဲလျှင် ဓာတုဓာတ်မြေသြဇာ ကွန်ပေါင်းအိပ် တစ်အိပ်ခွဲခန့်အတွက် ကျပ်တစ်သိန်းငါးသောင်းခန့် ကုန်ကျစရိတ် လျှော့ချသွားမှာဖြစ်ကြောင်း၊ သစ်စိမ်းဓာတ်မြေသြဇာ ပြုလုပ်ရန်အတွက်လည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ပိုက်ဆံလျှော်မျိုးစေ့ကို ဖြန့်ဖြူးရောင်းချပေးနေကြောင်းလည်း သိရပါသည်။

သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာကြည်နှင့် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံများက သင်တန်းပို့ချကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဉာဏ်လှိုင်နှင့် အဖွဲ့ဝင်များ မြင်တော်ကျေးရွာ၊ မင်းရွာကျေးရွာ၊ မူးကြီးကျေးရွာတို့မှ တောင်သူစုစုပေါင်း ၄၇ ဦး တက်ရောက်ကြကြောင်း သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)