ပုဇွန်တောင် မေ ၂၆
မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိသည် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဖြစ်သည်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင်လည်း အခြေခံအားဖြင့် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေကြရန်ဖြစ်ပြီး အတန်းပညာကို စွမ်းအားရှိသမျှ အတိုင်းအတာတစ်ခုအထိ ပြီးမြောက်အောင် ကြိုးပမ်းအားထုတ်ကြရန်အတွက် နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှုလုံးဝမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ပါးစပ်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield)တို့ကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြိုနယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်း၊ မူလတန်းကျောင်း(၉)ကျောင်း၊ စုစုပေါင်း(၁၆)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းလက်ခံရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊ လက်ဆေးဘေလ်စင်များထားရှိကာ စနစ်တကျလက်ဆေးစေခြင်းဖြင့် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်