စစ်တွေ မေ ၂၆
စစ်တွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ ကျောင်းအပ်လက်ခံလျက် ရှိကြောင်းသိရသည်။
စစ်တွေမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၁ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ ၆ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၁၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ၃ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၂၈ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၅၇၊ အခြေခံပညာမူလတန်း ကျောင်းခွဲ ၁ ကျောင်း၊ အခြေခံပညာကျောင်းစုစုပေါင်း ၁၁၈ ကျောင်းရှိရာ ကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံ လျက်ရှိကြောင်းသိရသည်။
ထိုသို့ကျောင်းအပ်လက်ခံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်နှင့် ဗလာစာအုပ် ၁၂ အုပ်တို့ကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၂ -၂၀၂၃ ပညာသင်ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ၂၀၂၂ ခုနှစ် မေလ(၂၆) ရက် နေ့မှ ဇွန်လ(၁) ရက်နေ့အထိကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ကျောင်းအပ်နှံခြင်းအား လက်ခံပေးလျက်ရှိသည်။
ရခိုင်ပြည်နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုပညာသင်နှစ်တွင် မူလတန်းဆင့်တွင် ကျောင်းသား/ကျောင်းသူ၊ ၄၁၃၁၁၂ ဦး၊ အလယ်တန်းဆင့်တွင် ကျောင်းသား/ကျောင်းသူ ၁၂၉၄၃၆ ဦးနှင့် အထက်တန်းဆင့်တွင် ကျောင်းသား/ကျောင်းသူ ၅၅၅၇၉ ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၅၉၈၁၂၇ ဦး ပညာသင်ယူကြလိမ့်မည်ဟု ခန့်မှန်းထားရှိပါကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ထွန်း(ပြန်/ဆက်)