မှော်ဘီ မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ယနေ့နံနက် ၉နာရီမှစတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျောင်းအပ်နှံခြင်းကို စတင်ဆောင်ရွက်လျက်ရှိသည်။
စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ကျကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက မိမိတို့တာဝန်ကျရာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ Mask နှင့် Face shield စသည့်တို့ကို အခမဲ့ပေးအပ်ခဲ့သည်။
မှော်ဘီမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၄၄ ကျောင်းရှိပြီး ကျောင်းအပ်လက်ခံပေးနေသည့် အခြေခံပညာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)