ဗဟန်းမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းစတင်လက်ခံ

ရန်ကုန် မေ ၂၆

နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော်ရာတွင် လက်ခံရမည့်အချက်မှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဖြစ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကကျသည့် အခန်းကဏ္ဍ ဖြစ်ပါသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏အနာဂတ်ဘဝ မြင့်မားတိုးတက်ရေးအတွက် အမျိုးသားပညာရေးကို မြှင့်တင်ရန်အထူးလိုအပ်သည်ဖြစ်ရာ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်‌ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၃)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၁၅)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၃)ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း(၁)ကျောင်း၊ မူလွန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း၊ မူလတန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း၊ စုစုပေါင်း(၂၈)ကျောင်းရှိပြီး ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊  ပါးစပ်နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield)တို့ကို အခမဲ့ထောက်ပံ့‌ပေးလျက်ရှိကြောင်း သိရသည်။

ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံသည့်ရက်ကို မေလ(၂၆)ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိ ကျောင်းအပ်နှံသည့်ရက်ဖြင့် လက်ခံဆောင်ရွက်‌သွားမည်ဖြစ်ပြီး အဆိုပါကျောင်းများသို့ ကျောင်းအပ်နှံမှု လွယ်ကူလျင်မြန်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား‌‌၊ ကျောင်းသူများ လွယ်ကူစွာကျောင်းအပ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)