တာမွေ မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များအတွင်း စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှကြီးမှူး၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်း အချိန်က တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်ရှိ ကျောက်မြောင်းလမ်းတွင် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စျေးကားများဖြင့် ( Mobile Market ) ဖွင့်လှစ်၍ စျေးနှုန်းချိုသာစွာ ရပ်ကွက်များအတွင်း လိုက်လံရောင်းချပေးခဲ့ကြသည်။
အဆိုပါ တာမွေမြို့နယ်အတွင်း ( Mobile Market ) ဖွင့်လှစ်၍ ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးနေမှု အခြေအနေများအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။
“ ပြည်သူတွေအနေနဲ့ ဒီလိုအချိန်ကာလမှာ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူတဲ့အခါ ကုန်စျေးနှုန်းများ အဆမတန် မြှင့်တက်နေမှုကြောင့် အဆင်မပြေမှု အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေနေရပါတယ်။ အဲဒါကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ( Mobile Market ) ဖွင့်လှစ်၍ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား သက်သာသော စျေးနှုန်းများဖြင့် အခုလို အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးတာပဲဖြစ်ပါတယ်။ မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားကအစ ဝယ်ယူနိုင်တဲ့ စျေးနှုန်းတွေနဲ့ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ် ” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထိုသို့ ( Mobile Market ) ဖွင့်လှစ်၍ သက်သာသော စျေးနှုန်းများဖြင့် အိမ်တိုင်ရာရောက် လိုက်လံ ရောင်းချပေးရာတွင် ဧည့်မထဆန် (၅)ပြည် တစ်အိတ်ကို ငွေကျပ် (၅၀၀၀/-)နှုန်းဖြင့် ဆန်အိတ်ပေါင်း (၇၅)အိတ်နှင့် ပေါ်ဆန်းမွှေးဆန် (၅)ပြည် တစ်အိတ်ကို ငွေကျပ် (၈၅၀၀/-) နှုန်းဖြင့် ဆန်အိတ်ပေါင်း (၄၀)အိတ်အား လည်းကောင်း၊ စားအုန်းဆီ (၅၀)ကျပ်သား (၁)ဗူးကို ငွေကျပ် (၂၇၀၀/-) နှုန်းဖြင့် ဆီဗူး(၂၀၀)ကိုလည်းကောင်း၊ ကြက်ဥ (၁၀)လုံပါ တစ်ကတ်လျှင် ငွေကျပ် (၁၆၀၀/-)နှုန်းဖြင့် ကြက်ဥကတ်ပေါင်း (၄၀)ကတ်ကိုလည်းကောင်း ဒေသခံပြည်သူများကို အသီးသီးရောင်းချပေးခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများ တစ်ခဲနက် လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ယခုလို ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား သက်သာသော စျေးနှုန်းများဖြင့် အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးမှုအပေါ် ရပ်ကွက်နေ ပြည်သူတစ်ဦးဖြစ်သူ ဒေါ်မြသွေးကလည်း “ယခုလို ကုန်စျေးနှုန်း မြင့်တက်နေတဲ့အချိန်မှာ ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းတွေကို ယခုလိုသက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေးတာဟာ မြို့နေပြည်သူတွေ အတွက် အရမ်းကို အဆင်ပြေမှုရှိပါတယ်။ စျေးနှုန်းတွေက ချိုသာတဲ့အပြင် ရောင်းချသော ပစ္စည်းတွေကလည်း သန့်ရှင်းလတ်ဆတ်မှုရှိပါတယ်။ နောင်လည်း အခုလို လာရောက်ရောင်းချ ပေးစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
နိုင်လင်းအောင်