ချီဖွေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ

ချီဖွေ မေ ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် ပညာရေးနှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အ‌ခြေခံပညာအထက်တန်းကျောင်း (ချီဖွေ) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် မကြာမီ အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည် ဖြစ်၍ ကျောင်းနေအရွယ် ကလေးလူငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရှိရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းတက်နှုန်း မြင့်မားလာစေရေးနှင့်  အခမဲ့ ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်ထည်ဖော်ရေးအတွက်  ပညာရေးဌာနမှ သတ်မှတ်ရက်အတွင်း ကျောင်းများ စတင်ဖွင့်လှစ်နိုင်ရေးတို့ကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင် ရွက်သွားရန် လိုအပ်ကြောင်း၊ ကျောင်းသား/သူများ ပညာသင်ကြားရာတွင် စိတ်အေးချမ်းသာစွာ စာသင်ကြားနိုင်ရေး အဓိကထား ကြပ်မတ်ဆောင်ရွက်နိုင်ရေး လိုအပ်ကြောင်း ပြောကြားပြီးနောက် တာဝန်ရှိသူများက အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား/သူများကို  ပြဋ္ဌာန်းပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ခဲတံများ အသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့​နောက် ချီဖွေမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၃)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၇)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၈)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၅၁) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ (၂)ကျောင်း စုစုပေါင်း (၇၂)ကျောင်းတို့၌ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေး ဆောင်ပုဒ်အတိုင်း “ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ပေး” ဆိုသည့်ဆောင်ပုဒ်အတိုင်း မေလ ၂၆ ရက်နေ့မှစတင်၍ ကျောင်းသား/သူများကို ကျောင်းအပ်နှံရေး စတင်လက်ခံ ပေးလျက်ရှိကြောင်း သိရှိရသည်။

ဇင်မာဝင်း(ပြန်/ဆက်)