ခမောက်ကြီးမြို့ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းအပ်နှံခြင်းများစတင်ဆောင်ရွက်

ခမောက်ကြီး မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်တက်ရောက်ကြမည့် KG တန်းမှ Grade-11 ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၈ နာရီမှစ၍ စတင်လက်ခံလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကျောင်းများအပ်နှံရာတွင် ကျောင်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများသည် မိဘ/အုပ်ထိန်းသူများ၊ တာဝန်ရှိသူများနှင့်အတူလာရောက်အပ်နှံရပြီး အုပ်ထိန်းသူများက ကျောင်းဝင်ခွင့်အတွက်လိုအပ်သည့် ကျောင်းသားများ၏အချက်အလက်များ ဖြည့်သွင်း၊ လက်မှတ်ရေးထိုး၍ ကျောင်းအပ်နှံကြရသည်။

ထို့နောက် အတန်းအလိုက်တာဝန်ယူဆောင်ရွက်ကြသည့် ဆရာ၊ ဆရာမများက စနစ်တကျကျောင်းအပ်လက်ခံခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများကို အခမဲ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရူပါမြင့် (ခမောက်ကြီး)