ဘုတ်ပြင်းမြို့၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံခြင်း အခမ်းအနားကျင်းပ

ဘုတ်ပြင်း  မေ  ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အ.ထ. က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းသားမိဘများတက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းကနိုင်ငံတော်အစိုးအရ နိုင်ငံသူနိုင်ငံသားတိုင်းအနိမ့်ဆုံးအဆင့် အလယ်တန်းပညာ (Grade-9)ပြီးဆုံးရေး မျှော်မှန်းချက်မှတ်လျက်ရှိရာ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်း နေနိုင်ရေးအတွက် မိဘပြည်သူများမိမိသားသမီးများ၏ ပညာသင်ယူတတ်မြောက်မှုနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဆရာ/ဆရာမများနှင့်ကျောင်း သားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားသင်ယူနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိဘပြည်သူများက အလေးပေးဆောင်ရွက်ပေးစေလို့ကြောင်းနှင့်ယခုနှစ် ကျောင်းအပ်နှံရေးဆောင်ပုဒ်အတိုင်း ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပညာရေးမှူး ဦးအောင်စိုးက ကျောင်းအပ်နှံရေးနေ့အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

တက်ရောက်လာကြသူများက ကျောင်းသားကျောင်းသူများအား ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှအခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးပစ္စည်းများ၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများအား အသီးသီးပေးအပ်ခဲ့သည်။

ဘုတ်ပြင်းမြို့အတွင်းရှိ အခြခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများအား  ကျောင်းအပ်နှံ လက်ခံခြင်းများကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ရက်နေ့ထိ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မူလတန်း၊ အလယ်တန်း၊အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဘုတ်ပြင်း(ပြန်/ဆက်)