ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာသင်ကျောင်းများတွင် ကျောင်းအပ်နှံခြင်းများစတင်ဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင် မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဆရာ / ဆရာမများမှ စာရင်းသွင်း၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံရာတွင် KG အတန်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများမှ ကျောင်းသားမိဘများနှင့်အတူကိုယ်တိုင်လာရောက်အပ်နှံကြပြီး ကျောင်းမှကျောင်းသုံးပြဋ္ဌာန်းဖတ်စာအုပ်တစ်စုံစီနှင့် ဗလာစာအုပ်များကို အခမဲ့ထောက်ပံ့ပေးခြင်းနှင့် တစ်စုံတစ်ရာငွေကြေးကောက်ခံမှုမရှိကြောင်း သိရသည်။

ကျောင်းအပ်နှံခြင်းကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ ၂ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းမျာကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)