ဆွမ်ပရာဘွမ်မြို့တွင်၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဆွမ်ပရာဘွမ် မေ ၂၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ကျင်းပခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ကိုကိုတို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။

ထို့နောက် ဆွမ်ပရာဘွမ်မြို့ (အ.ထ.က)ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်က ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား လိုအပ်သည်များကို ရှင်းလင်းပြောကြားပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးကို မေလ ၂၆ ရက်နေ့မှ ဇွန် (၁)ရက်နေ့အထိ ကျောင်းလက်ခံသွားမည်ဖြစ်ကာ ဇွန်လ ၂ ရက်နေ့မှ ကျောင်းဖွင့်သင်ကြား သွားမည်ဖြစ်ပြီး အခမဲ့ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းသုံး ကျောပိုးအိတ်များ ပေးအပ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာနများက ကျောင်းစာရေးကိရိယာများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)