လမိုင်းမြို့ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျောင်းအပ် စတင်လက်ခံ

လမိုင်း မေ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကပါစို့” ဆောင်ပုဒ်နှင့်အညီ မွန်ပြည်နယ် လမိုင်းမြို့အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောင်းအပ်လက်ခံရာ၌ အသက် ၅ နှစ် အရွယ်ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရမည်ဖြစ်ပြီး၊ ၆ နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံရမည်ဖြစ်ပြီး၊ KG တန်းမှ Grade-11 ထိ ယနေ့မှစတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။ ကျောင်းအပ်ရာ တွင် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုဘဲ၊ ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်စာအုပ်၊ ကျောင်းသားဗလာစာအုပ်နှင့် စာရေးကရိယာများကို အခမဲ့ထုတ်ပေးခဲ့သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် လမိုင်းမြို့၌ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း စာသင်ကျောင်းများ၌ ကျောင်းအပ်လက်ခံပြီး၊ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဖြူဖြူအေး(ပြန်/‌ဆက်)