ကျိုက်ရော မေ ၂၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံမှု စတင်လက်ခံ သည့်နေ၌ပင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းလာရောက် အပ်နှံသူ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ အထူးများပြားလျက်ရှိသည်ကို တွေ့ရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းအား မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက် နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမ များက လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်ခြင်းကို သတ်မှတ်ထားသည့်ရက် ကျော်လွန်ပြီးမှ လာရောက်အပ်နှံမည့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ယနေ့ကျောင်းများစတင်အပ်နှံသည့်နေ့၌ ကျောင်းလာရောက်အပ်နှံသူ အခြေခံပညာမူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်ဖတ်စာအုပ်များကို အခမဲ့ ပေးဝေလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်စုစုဌေးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)