ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ပွင့်ဖြူ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် "ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်အတိုင်း ယနေ့နံနက် ၉ နာရီကစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ များကို ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် အခမ်းအနားကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာ ပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

"ယခု ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအသီးသီးမှာ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူတွေကို စတင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူများကို ကျောင်းအပ် လက်ခံရမှာလည်း မည်သည့် အခကြေးငွေကိုမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသုံးပြဌာန်း စာအုပ်၊ ဗလာစာအုပ်နဲ့ စာရေးကိရိယာပစ္စည်းတွေကို အခမဲ့ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ယခု ပညာသင်နှစ် ကစပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ(သင်ရိုးသစ်) သင်ကြားမှုတွင် စတုတ္ထတန်း အောင်သူများကို မူလတန်းအဆင့်မှာ ပဥ္စမတန်းအဆင့် တက်ရောက်ရမှာ ဖြစ်ပြီး ၊ အလယ်တန်းအဆင့်မှာ သင်ရိုးသစ်(၇) တန်း(Grade - 7) အောင်သူများ (သင်ရိုးသစ်) (Grade - 8) (၈)တန်း တက်ရမှာ ဖြစ်ပါတယ်။ သင်ရိုးဟောင်း (၇)တန်း (Grade - 8) အောင်သူထားသူများက (သင်ရိုးဟောင်း) (၈)တန်း (Grade - 9) တက်ရမှာဖြစ်လို့ (သင်ရိုးသစ်နှင့် သင်ရိုး ဟောင်း ) (၂)တန်း ရှိမှာ ဖြစ်ပါတယ်။ ထူးခြားမှုကတော့ (၉)တန်း (Grade - 9) သင်ရိုးသစ် မရှိသေးတဲ့အတွက် (၉)တန်း ပျောက်နေမှာ ဖြစ်ပြီး အထက်တန်းအဆင့်မှာက အလယ်တန်းအဆင့်မှ သင်ရိုးဟောင်း(၈)တန်း (Grade - 9) အောင်သူ များက အထက်တန်းအဆင့် (သင်ရိုးသစ်) (၁၀)တန်း (Grade - 10) တက်ရမှာ ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃) ကျောင်း အပါအဝင် အခြေခံပညာ ကျောင်းပေါင်း (၁၆၉) ကျောင်းရှိရာ အ.ထ.က ကျောင်း(၁၀) ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၁၇) ကျောင်း ၊ အ.လ.က ကျောင်း (၅) ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း(၁၀)ကျောင်း ၊ (မူလွန်)ကျောင်း (၁၂) ကျောင်း၊ အ.မ.က ကျောင်း (၁၀၇) ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း(၅) ကျောင်း ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၃) ကျောင်းတို့ဖြစ်ကြောင်းသိရကာ ယနေ့နံနက်ပိုင်းကစပြီး အခြေခံပညာ ကျောင်းများအားလုံးတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဇွန်လ(၁)ရက်နေ့ အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)